facebook twitter linkedin rss


ကျွန်တော်နှင့် ဘားကမ့် အပိုင်း(၁)

ကျွန်တော် ပွဲတစ်ပွဲတက်တိုင်း စာတစ်ပုဒ်ရေးဖြစ်ပါတယ်။ ဒီတစ်ခါ ဘားကမ့်မှာတော့ ကျွန်တော့်အတွက် ရေးစရာတွေ အများကြီး ဖြစ်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ဘားကမ့် အတွေ့အကြုံတွေကို အရင်ဆုံးရေးချင်ပါတယ်။

ကျွန်တော် နည်းပညာနဲ့ ပတ်သက်တဲ့ ဘယ်ပွဲကိုမဆို မြတ်နိုးပါတယ်။ ကျွန်တော် ကိုယ်တိုင် နည်းပညာကို ဝေမျှရတာ အလွန်ပဲ မြတ်နိုးပါတယ်။ အဲဒီအတွက် နည်းပညာဝေမျှတဲ့ ဘယ်လိုပွဲကိုမဆို မြတ်နိုးတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျွန်တော် သိထား တတ်ထားတာလေးတွေကို ဝေမျှချင်သလို၊​ သူများတွေ ဝေမျှတာတွေကို နားထောင်ချင်ပါတယ်။ အဲဒီလို ပွဲတွေကို ကြိုက်တတ်တဲ့ ကျွန်တော့် ဘားကမ့်ဆိုတာ သကြားအိုးထဲရောက်သွားတဲ့ ပုရွက်ဆိတ်လိုပါပဲ။

အဲဒီလို အလွန်စည်ကား စံချိန်ချိုးတဲ့ ပွဲမျိုးကို စီစဉ်ပေးတဲ့အတွက် စီစဉ်ပေးသူအားလုံး ကူညီပေးသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ ဒီလောက်ကြီးမားတဲ့ ပွဲတစ်ခုကို စီစဉ်ဖို့ဆိုတာ ဘယ်လောက် အထိကြိုးစားရမယ်။ ဘယ်လောက်အထိ လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် အင်မတန်ကို လေးစားဖို့ ကောင်းနေပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို စပီကာတစ်ယောက် အနေနဲ့ကော နားထောင်သူ တစ်ယောက် အနေနဲ့ပါ အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

အဲဒါတွေထက် အထူးခြားဆုံး အချက်တစ်ခုကတော့ အမေ ဒေါ်အောင်ဆန်းဆုကြည်ကို ဖွင့်ပွဲအတွက် ဖိတ်ကြားခဲ့တာနဲ့ အဲဒီလို ဖိတ်ကြားချက်အပေါ်မှာ အလေးထားပြီး ကျွန်တော်တို့ကို အဖွင့်နှုတ်ခွန်းဆက် စကားပြောပေးတဲ့အတွက်လဲ ပြောမပြတတ်လောက်အောင် အမေ့ကို ကျေးဇူးတင်မိပါတယ်။ အမေ့ကို ကျွန်တော်တွေ့ချင်နေခဲ့တာ ကြာပါပြီ။ ခုမှပဲ ကျွန်တော့်မျက်စိ ရှေ့တည့်တည့်မှာ တွေ့လိုက်ရတာပါ။ ကျွန်တော် ဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်ပါတယ်။ တကယ်ပါ။ ကျွန်တော် အခုမှ အမေ့ကို အပြင်မှာ တွေ့ဖူးတာပါ။

အမေပြောသွားတဲ့အထဲမှာ ကျွန်တော် မှတ်သားမိတဲ့ စကားတွေ ရှိပါတယ်။

  • ပညာနဲ့ ပတ်သက်လို့ မျှဝေခြင်းဟာ ပညာတွေလျော့သွားမှာ မဟုတ်ဘူး။ အများအတွက် ပညာတွေ တိုးပွားစေတယ်။ ကျွန်မတို့ လောကကြီးအတွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ်။ ပညာဆိုတာ အလင်းရောင်ပါ။
  • ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက်ရင် အမှောင်ထုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီး လောကကို ပိုပြီးအကျိုးပြုပါ။
  • ကျွန်မတို့ နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီနောက်မှာ ကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကို ရောက်ဖို့ဆိုတာ အခုနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်။ အားလုံး ဝိုင်းရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့သာ မြန်မြန်ဆန်ဆန် တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။
  • ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာကို သင်နေတဲ့လူတွေဟာ အတိတ်ကိုလဲ မေ့လို့မရပါဘူး။ အတိတ်ကိုလဲ​သိထားရပါမယ်။ သမိုင်းကိုလဲ သိဖို့လိုပါတယ်။ သမိုင်းနောက်ခံသိမှ နောင်လာမည့် အနာဂတ်အတွက် မှန်ကန်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာပါ။

ကျွန်တော် မှတ်သားမိတဲ့ အမေ့ရဲ့ စကားတွေပါ။ အဲဒီလို စကားမျိုးတွေကို ကျွန်တော်အရင်က ကြားဖူးပါတယ်။ ဒါပေမယ့် အမေပြောတဲ့ စကားတွေမှ ကျွန်တော့် နားထဲ၊​ နှလုံးသားထဲ တည့်တည့်ကြီးကို ဝင်သွားပါတယ်။ ဒါကတော့ အမေ့ရဲ့ ထူးခြားချက်တစ်ခုအဖြစ် ကျွန်တော် သတိထားမိပါတယ်။ တစ်ခြားသူ ပြောတဲ့စကားဆိုရင် ကျွန်တော့် နားထဲကို တည့်တည့်မတ်မတ် ဝင်လေ့မရှိပါဘူး။ ကျွန်တော်ကတော့ အမေ့နားမှာ နေတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ အမေ့စကားတွေနဲ့ ဆက်ပြီး နေသွားမယ့် သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမေ့ရဲ့စကားတွေက ကျွန်တော် ဒုတိယနေ့မှာ ပြောဖို့ ရည်ရွယ်ထားတဲ့ တော့ပစ်ခေါင်းစဉ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် အမေ။

ကျွန်တော် ဘားကမ့် ပထမနေ့မှာ ပြောဖြစ်တဲ့ အကြောင်းအရာကတော့ Introduction to Web (Learning and Development) ဆိုပြီး ပြောဖြစ်ပါတယ်။ အဲဒါကိုတော့ ကျွန်တော် ပို့စ်တစ်ခု အနေနဲ့ သေသေချာချာ ပြန်ရေးပေးပါ့မယ်။ အချိန်အကန့် အသတ်ရှိတာကြောင့် အသေးစိတ် မပြောနိုင်ခဲ့ပေမယ့် စာရေးတဲ့အခါမှာတော့ အသေးစိတ်ရေးနိုင်တဲ့အတွက် သေသေချာချာ ရေးပေးပါ့မယ်ခင်ဗျာ။ အဲဒီတုန်းက ကျွန်တော် ပြောတဲ့နေရာမှာ အားနည်းချက်တွေ ရှိတယ်ဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော် ပထမဦးဆုံး ပြောဖြစ်တဲ့ တော့ပစ်မှာ ကျွန်တော် Myanmar Tutorials ကို ဖွင့်ပြဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မှတ်မှတ်ရရ ဘားကမ့်က ဘယ်အင်တာနက်သုံးလို့ မရတဲ့ အနေအထားနဲ့ ကြုံခဲ့ပါတယ်။ နောက်ဆုံး ကိုမောင်လှ ကူညီပေးမှ အဆင်ပြေသွားပါတယ်။ အဲဒီအတွက် ကိုမောင်လှကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော် Myanmar Tutorials ကို ပြချင်တဲ့အကြောင်းက ဘားကမ့်အမှီ ဘားကမ့်ကို ဂုဏ်ပြုသောအားဖြင့် ဒီဇိုင်းအသစ် တင်ဆက်မှု ပုံစံအသစ် ပြောင်းထားတဲ့ အတွက်ကြောင့်ပါ။

နောက် ကျွန်တော် သတိထားမိတာ တစ်ခုက ဘားကမ့်ရဲ့ အနှစ်သာရတစ်ခု ဖြစ်တဲ့ အချင်းချင်း အပြန်အလှန် ဆွေးနွေးရန် ဆိုတဲ့ အခြေအနေတစ်ခုကို မရနိုင်သေးတဲ့ အချက်ပါ။ ဒါပေမယ့် အခမ်းအနား ပြင်ဆင်ရတဲ့ ပုံစံအရ ရှိပြီးသား ပုံစံအပေါ်မှာ ပြင်ဆင်ရတာ ဖြစ်တဲ့အတွက် အဲဒီလိုပုံစံဖြစ်ဖို့ မလွယ်တာရယ်၊​ အဲဒီလို အချင်းချင်း အပြန်အလှန် ဆွေးနွေးတတ်တဲ့ အလေ့အထ အားနည်းသေးတာကြောင့် အဲဒီလို အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံကို မရောက်နိုင်သေးတာလို့ ယူဆပါတယ်။ နောက်ပိုင်း ပွဲတွေမှာတော့ အဲဒီလို အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံဖြစ်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်ခင်ဗျ။

ောက်တစ်ခု ကျွန်တော် နားထောင်ဖြစ်ခဲ့တာက ကိုနေဘုန်းလတ်ပြောတဲ့ တော့ပစ်ပါ။ Decentralization  ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဗဟိုချုပ်ကိုင်မှုစနစ်တွေ လျော့ချပြီး မဏ္ဏိုင်ငါးရပ်ရဲ့ အပြန်အလှန်ချိတ်ဆက်နေတဲ့ ပုံစံတွေအပေါ်မှာ အသေးစိတ်ပြောသွားပါတယ်။ ကျွန်တော် မှတ်သားမိတာတွေကို ပြန်ဖောက်သည်ချ ရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ မဏ္ဏိုင်ငါးရပ်ရှိတဲ့အထဲမှာ ပြည်သူဆိုတဲ့ အရေးအကြီးဆုံး မဏ္ဏိုင်မှာ ရှိနေတဲ့အတွက် ဘယ်မဏ္ဏိုင်ကိုမဆို လွတ်မထားသင့်တဲ့အကြောင်း Check and Balance ရှိသင့်တဲ့အကြောင်း၊​ ကိုယ်နဲ့မဆိုင်သလို မနေသင့်တဲ့အကြောင်း၊​ ကျွန်တော် နည်းပညာသမားများ အနေနဲ့ မီဒီယာဆိုတဲ့ တာဝန်ကိုပါ တစ်ခါတည်း ထမ်းဆောင်ထားရတဲ့ သဘောရှိနေတတ်တယ်ဆိုတဲ့ အကြောင်း၊ မီဒီယာအနေနဲ့ ပတ်သက်ပြီး ဆရာမောင်ဝံသ ပြောသွားတဲ့ စကားတွေကို ကိုးကားပြီး ပြောသွားပါတယ်။ အဲဒီအပြင် ကျွန်တော်တို့အနေနဲ့ နယ်တွေပါဆင်းပြီး နည်းပညာအကြောင်းတွေကို ဝေမျှဖို့၊​ နယ်တွေမှာ ကွာဟချက်တွေ အများကြီး ရှိနေတဲ့အကြောင်းတွေ ပြောသွားပါတယ်။ ကျွန်တော့်အတွက် အဖိုးတန်တဲ့ တော့ပစ်တစ်ခုပါခင်ဗျ။ အဲဒီအတွက် ကိုနေဘုန်းလတ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျွန်တော် ကိုနေဘုန်းလတ်ပွဲပြီးတော့ နောက်တစ်ပွဲမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ဆင်နွဲဖြစ်ပါတယ်။ အဲဒီ တော့ပစ်ကတော့ တကယ့်ကို hot ဖြစ်တဲ့တော့ပစ်တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ အင်တာနက်လို့ အမည်ရပါတယ်။ အားလုံး Panel Discussion ပုံစံ တစ်ယောက်ခြင်းစီရဲ့ အမြင်တွေကို ထုတ်ဖော်ကြပါတယ်။ အဓိကပြောဖြစ်တဲ့ Main Theme ကတော့ မြန်မာပြည်က အင်တာနက် မကောင်းတဲ့ အကြောင်းပါ။ အဲဒီလို မကောင်းတဲ့ အတွက်ကြောင့် ကောင်းစေချင်တဲ့ အကြောင်း ဝိုင်းဝန်း ဆန္ဒပြုကြတာပါ။ ကျွန်တော်ကတော့ ကိုဝိုင်းရဲ့ ကျေးဇူးတင်ပါတယ်ကို ကြောက်လို့ စကားအားလုံးပေါင်း နှစ်ခွန်းကို တိုတိုတုတ်တုတ် ပြောဖြစ်ပါတယ်။ ကျွန်တော် ပြောဖြစ်တဲ့ စကားကို ပြန်ဖောက်သည် ချရမယ်ဆိုရင် ’ လက်ဝါးကြီးအုပ်တဲ့ ပုံစံနှစ်မျိုး​ရှိကြောင်း တစ်မျိုးက တစ်ယောက်တည်းက လက်ဝါးကြီးအုပ်တာနဲ့ နောက်တစ်မျိုးက ပေါင်းပြီး လက်ဝါးကြီးအုပ်တာပါ။ အဲဒီနှစ်ခုသာ လွတ်သွားရင် ကျွန်တော်တို့ အင်တာနက်ကြီး ပြန်ကောင်းလာနိုင်ပါတယ် ’ လို့ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီပွဲလေးဟာလဲ ကျွန်တော်တို့ မြန်မာနိုင်ငံ အင်တာနက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခံစားချက်တွေကို ထုတ်ဖော် ပြသနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကျွန်တော် ကိုနေဘုန်းလတ်ကို အင်တာဗျူး ဖြစ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူး အသေးစိတ်ကို ကျွန်တော် Myanmar Tutorials မှာ ပြန်တင်ပေးပါ့မယ်ခင်ဗျ။ ကျွန်တော့်ရဲ့ ဘားကမ့်အချိန်တွေကတော့ တကယ့်ကို အဆင်ပြေပြေ ဖြတ်ကျော်နေပါတယ်ခင်ဗျ။  အပြင်ရောက်တော့လဲ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ရ၊​ ဟိုအကြောင်း ဒီအကြောင်းလေးတွေ ပြောရနဲ့ အတော်လေးကို အဆင်ပြေပါတယ်။

အဲဒီနောက် ကျွန်တော် စိတ်ဝင်စားမိတဲ့ တော့ပစ်တွေကို ရှာတော့ ကိုသာသာရဲ့ တော့ပစ်ကို သွားတော့ပါတယ်။ Business Model Generating လို့ အမည်ရပါတယ်။ နည်းနည်း နောက်ကျနေတာနဲ့ တက်သုတ်ရိုက်ပြီး ကိုသာသာရဲ့ ပွဲကိုသွားဖြစ်ပါတယ်။ ကျွန်တော် မရောက်ရောက်အောင် သွားဖြစ်ပါတယ်။ ကျွန်တော် သွားရကျိုး နပ်သွားတယ်ခင်ဗျ။ ကိုသာသာ ပြောတာတွေဟာ ကျွန်တော့်အတွက် အကုန် အသစ်တွေခင်ဗျ။ ကိုသာသာကလဲ လူတိုင်းနားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ဥပမာတွေ ပေးပြီး ပြောသွားတဲ့အတွက် နားထောင်ရင်း စဉ်းစား၊ စဉ်းစားရင်း နားထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် Business Model တွေကို စဉ်းစားရလေ့ရှိတဲ့အတွက် ကိုသာသာ ပြောတဲ့အပေါ်မှာ ငါကိုယ်တိုင်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုဆောင်ရွက်မလဲ ဆိုပြီး တွေးနေမိတဲ့အတွက် စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်သိသွားတဲ့ အနေအထားပါခင်ဗျ။ အဲဒီအပြင် နောက်ဆုံးမှာ ကျွန်တော့်ကို စာအုပ်မှာ ဝေမျှသွားတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်မိပါတယ်ခင်ဗျ။

ကျွန်တော် ဒီနေရာမှာ ကြုံကြိုက်တဲ့အတွက် ဘားကမ့် (ရန်ကုန်) စီစဉ်ကျင်းပသူများကို အကြံဉာဏ်တွေ ပေးချင်ပါတယ်။ ကိုသာသာက ဘားကမ့်ကို တစ်ရက်ပဲ လာနိုင်ပါတယ်။ သူက စင်္ကာပူမှာ Start-up တစ်ခု ထူထောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်ရက်တည်း အချိန်ရတဲ့ တော့ပစ်ပေါင်း သုံးခုလောက်ကို တစ်နေ့တည်း ဟိုနေရာရွေ့ ဒီနေရာရွေ့ ပြောသွားပါတယ်။ အဲဒီလို စပီကာတွေအတွက် အသိအမှတ်ပြုမှု တစ်ခုခု ဘားကမ့်အနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ဘားကမ့်ဆိုတာ အပြန်အလှန် ဆွေးနွေးကြရတာ ဆိုပေမယ့် တကယ်တန်း လက်တွေ့မှာ စပီကာ တစ်ယောက်က ဦးဆောင် ဆွေးနွေးတဲ့ အလေ့အထကနေ ကျော်လို့ မရသေးတာ တွေ့ရပါတယ်။ အဲဒီအတွက် စပီကာတွေရဲ့ အခန်းကဏ္ဍဟာ မသေးတဲ့ အခန်းကဏ္ဍလို့ ပြောလို့ရပါတယ်။ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင် ပါဝင် ပတ်သက်မှုရှိတဲ့ Dev Con Yangon 2011 နဲ့ နှိုင်းယှဉ် ပြောရမယ်ဆိုရင် အဲဒီဖက်မှာ စပီကာတွေကို အလေးထားမှု ပိုပြီးကောင်းတာ တွေ့ရပါတယ်။ ဒီဖက်မှာတော့ အဲဒီလို ပြောတဲ့သူတွေအပေါ်မှာ ကျေးဇူးတင်စကား ပြောတာ၊​ အသိအမှတ်ပြုတာ နည်းတာ သတိပြုမိပါတယ်။ အကြံဉာဏ်တွေ ပြုကြဖို့ဖိတ်တော့ ကျွန်တော်ကိုယ်တိုင် စပီကာ တစ်ယောက် ဖြစ်နေတဲ့အတွက် အသိအမှတ်အပြုခံချင်တယ်လို့ ထင်မှာစိုးတဲ့အတွက် မပြောဖြစ်ခဲ့တာပါ။ နောက်အချိန်တွေမှာ ဘားကမ့်အနေနဲ့ ပြောသူတွေကို အသိအမှတ်ပြုမှု တစ်ခုခုလုပ်ပေးမယ်ဆိုရင် ပြောသူတွေလဲ တိုးပွားလာမှာ ဖြစ်သလို အိုင်တီ၊​ အိုင်တီတွေပဲ များနေတယ်ဆိုတဲ့ အနေအထားကလဲ လွတ်သွားမယ်လို့ ထင်ပါတယ် ခင်ဗျ။ ကိုသာသာ ပြောသွားတဲ့ အကြောင်းအရာတွေကို အစအဆုံး တင်ရမှာဆိုတော့ ကျွန်တော် အသံဖိုင်အနေနဲ့ပဲ Sound Cloud မှာတင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါကတော့ ကျွန်တော့် ဘားကမ့် ပထမနေ့ အတွေ့အကြုံပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျွန်တော့်ရဲ့ ဘားကမ့် ဒုတိယနေ့ အတွေ့အကြုံတွေကို ရှေ့ဆက်ရေးပါဦးမယ်ခင်ဗျာ ..