facebook twitter linkedin rss


ကျွန်တော်နှင့် သင်ကြားမှုဆိုင်ရာ အတွေ့အကြုံများ

ကျွန်တော်က နည်းပညာသမားတစ်ယောက် ဖြစ်သလို စာသင်ရတာလဲ အင်မတန် ဝါသနာ ပါပါတယ်။ စာသင်ရတာကို ဝါသနာပါတယ်လို့ မသိခင်က ကျွန်တော်မှာ အလေ့အကျင့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘာလေ့လာလေ့လာ သူများနားလည်အောင် ဘယ်လို ရှင်းမလဲဆိုတာကို အမြဲတမ်း ကြည့်တတ်တာပါ။ တစ်ခုခုလေ့လာမယ်ဆိုရင် ကျွန်တော့်မှာ အမြဲတမ်း နှစ်ခါ ပင်ပန်းပါတယ်။ ကိုယ်တိုင် နားလည်ဖို့ လုပ်ရတာလွယ်ပေမယ့် သူများကို နားလည်အောင် ရှင်းပြဖို့ဆိုတာ ပိုခက်ပါတယ်။ အဲဒီအပြင် Level မတူတဲ့သူတွေကို ရှင်းပြဖို့ ပိုခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာပဲ လေ့လာလေ့လာ သူများ ဘယ်လို နားလည်အောင် ရှင်းပြမလဲဆိုတာကို အမြဲတမ်း စဉ်းစားဖြစ်ပါတယ်။ အဲဒီမှာကတည်းက စာသင်ရတာ ကျွန်တော် ဝါသနာပါနေတယ်ဆိုတာ သတိထားမိပါတယ်။

teacher

နောက် ကိုယ့်ကိုကိုယ် သုံးသပ်မိတဲ့ အချက်တစ်ခုက ဆရာလုပ်တာ ဝါသနာပါတာလား။ ပြောရရင် ဆရာလုပ်ချင်တာလား။ အဲဒါကြောင့် စာသင်ရတာ ဝါသနာပါတာလား ဆိုပြန်တော့ မဟုတ်ပါဘူး။ ကျွန်တော့် ဆရာတစ်ယောက် ပြောဖူးတာ မှတ်မိတယ်။ ငါက ဆရာလုပ်ချင်လို့ ဆရာလုပ်နေတာ မဟုတ်ဘူး၊ စာသင်ချင်လို့ ဆရာလုပ်နေတာလို့ ပြောဖူးပါတယ်။ ကျွန်တော် ဆရာပြောတဲ့ စကားကြားတော့ ကျွန်တော် နားမလည်ခဲ့ပါဘူး။ ခုချိန်မှ နားလည်ပါတော့တယ်။ ကျွန်တော် ဒီနေရာမှာ ကျွန်တော် သင်ခဲ့သမျှ သင်ကြားနည်းဆိုင်ရာ အတွေ့အကြုံတွေကို ဝေမျှလိုရင်း ဖြစ်ပါတယ်။ တစ်နှစ်လောက် သင်လာတဲ့ အချိန်မှာ တပည့်တွေ​ အတော်များများ တွေ့ကြုံခဲ့တဲ့ အတွက် အဲဒီအပေါ်မှာ နည်းပညာဆိုင်ရာ သင်ကြားမှု ပုံစံတွေနဲ့ ပတ်သက်ပြီး Teaching Method ပေါင်းစုံကို စမ်းသပ်ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ချိန်းပြောင်းပြီး သင်ကြားမှုကို ပုံစံသွင်းဖြစ်ခဲ့ပါတယ်။တပည့်တွေရဲ့ နောက်ခံ အနေအထားများကျွန်တော့်ဆီကို လာတက်တဲ့ နေရာမှာ နောက်ခံအခြေအနေ ပေါင်းစုံ ရှိပါတယ်။ တစ်ချို့တွေက ကွန်ပျူတာ တက္ကသိုလ်ကျောင်းဆင်းတွေ တစ်ချို့တွေက နည်းပညာ တက္ကသိုလ်ဖက်က အိုင်တီ အဓိက ကျောင်းသား/သူတွေ၊ တစ်ချို့ကတော့ နည်းပညာကို အပြင်က လေ့လာတဲ့သူတွေ၊​ နယ်က တက်လာသူတွေ၊​ လေ့လာရာမှာ အခြေခံအရမ်းကောင်းပြီး လေ့လာနိုင်စွမ်း မြင့်သူတွေ၊​ လေ့လာရာမှာ နှေးနှေးမှန်မှန် လေ့လာတတ်သူတွေ၊​ အလုပ်တစ်ဖက်နဲ့ ပြီးဆုံးအောင် မတက်နိုင်သူ စသည်ဖြင့် အစုံရှိပါတယ်။ ပထမဦးဆုံး နည်းပညာ တက္ကသိုလ်ကျောင်းဆင်းနဲ့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းဆင်းတွေ အကြောင်း အရင်ပြောလိုပါတယ်။ သူတိုအုပ်စု နှစ်ခုမှာ တစ်ခုနဲ့တစ်ခု မတူတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ ကွန်ပျူတာ ကျောင်းဆင်းတွေက ကွန်ပျူတာနည်းပညာဖက်မှာ ပိုပြီး တီးမိခေါက်မိရှိတယ်လို့ ဆိုနိုင်ပါတယ်။ ပြောရရင် လက်တွေ့ပိုင်း နီးစပ်မှု အနည်းငယ် ပိုရှိတယ်လို့ ပြောလို့ရပါတယ်။ သူတို့ နာမည်ကိုယ်တိုင်က ကွန်ပျူတာ တက္ကသိုလ် ဖြစ်နေတဲ့ အတွက် မိဘတွေကလဲ ကွန်ပျူတာတွေ ဝယ်ပေးထားတတ်ပြီး အွန်လိုင်းမှာ ကျင်လည်နေသူ၊​ ကွန်ပျူတာ အသုံးချမှုအပိုင်း တီးမိခေါက်မိ ရှိပြီးသူတွေ ဖြစ်နေတတ်ပါတယ်။ နည်းပညာ တက္ကသိုလ် အိုင်တီဖက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကွန်ပျူတာကို လက်တွေ့ထိစပ်မှု အပိုင်းမှာ အရမ်းအားနည်းတာ တွေ့ရပါတယ်။ ဒါပေမယ့် ဇွဲကောင်းတဲ့ အပိုင်းမှာတော့ နည်းပညာတက္ကသိုလ်ဖက်ကလူတွေက ပိုပြီးကောင်းတာ တွေ့ရပြီး တစ်ခုခုကို မရအရ ကျားကုတ်ကျားခဲ လုပ်နိုင်စွမ်း ရှိတာ တွေ့ရပါတယ်။ သူတို့ တစ်ခုခု သိဖို့ ရဖို့ ရှိတဲ့အခါမှာ အကြိမ်ကြိမ် လေ့ကျင့်ခြင်း သိတဲ့သူကို ပြန်သင် ပြန်မေးခြင်း စသည်ဖြင့် စူးစူးနစ်နစ် လုပ်တတ်ကြပါတယ်။ ကွန်ပျူတာ တက္ကသိုလ်ဖက်က သူတွေကတော့ အဲဒီလို ဇွဲရှိတဲ့ အပိုင်းမှာ အနည်းငယ် အားနည်းတာ တွေ့ရပါတယ်။ Creative Thinking ပိုင်းမှာတော့ နှစ်ဖက်လုံး အားနည်းမှုရှိနေပေမယ့် ကွန်ပျူတာ တက္ကသိုလ်ဖက်က လူတွေက အနည်းငယ်ပိုပြီး သာတာတွေ့ရပါတယ်။ Creative Thinking ဆိုတာ Knowledge များများရှိခြင်း ဆိုတဲ့ အပေါ်မှာ အခြေခံပြီး ဖြစ်လာတတ်တာ ဆိုတော့ ပိုပြီး နှံ့စပ်တဲ့သူက ပိုပြီး Creative Thinking ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော့် အတွေ့အကြုံအရ အားအနည်းဆုံး အပိုင်းကတော့ သီအိုပိုင်းတွေမှာ လက်တွေ့နဲ့ ပေါင်းစပ်သိနိုင်စွမ်း အားနည်းလွန်းကြတာပါ။ သီအိုရီပိုင်းတွေဖြစ်တဲ့ စာအုပ်တွေကို ရွတ်ပြတော့ သိတယ်လို့ ပြောပေမယ့် သူတို့အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ ဥပမာတွေ ပေးပြီး ဒါက ဘယ်လို အပိုင်းနဲ့ဆိုင်လဲ၊​ ဒါကတော့ ဘယ်လို အပိုင်းနဲ့ တွဲရမှာလဲ စသည်ဖြင့် မေးရင် အနည်းငယ် သိကြတာကလွဲလို့ အများစုက မဖြေနိုင်ကြပါဘူး။  ဒါကတော့ ကျွန်တော်တို့ ပညာရေးစနစ်မှာ ဖြစ်လေ့ရှိတဲ့ အင်္ဂလိပ်စာ အားနည်းတော့ အင်္ဂလိပ်စာကို ဝတ္ထုဖတ်သလို မဖတ်နိုင်၊ မဖတ်နိုင်တော့ အကုန်မဖတ်တော့ပဲ လိုင်းတာပေးတာတွေပဲ ကျက်လိုက်ကြပါတယ်။ ကျွန်တော်တို့ နည်းပညာ နယ်ပယ်မှာပဲ ဖြစ်ဖြစ် အခြားနယ်ပယ်တွေမှာပဲ ဖြစ်ဖြစ် သီအိုရီဆိုတာ လက်တွေ့ရလဒ် အပေါ်မှာ အကောင်းဆုံး စံအဖြစ်ဆုံး အနေအထားတွေ အပေါ်မှာ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် လက်တွေ့နဲ့ အရမ်းကို ထိစပ်လွန်းပါတယ်။ အဲဒီလို လက်တွေ့နဲ့ ထိစပ်လွန်းတဲ့ ပညာရပ်တွေကို မစမ်းသပ်ပြနိုင်ရင်တောင် လက်တွေ့ လုပ်ပုံလုပ်နည်းနှင့်တကွ ရှင်းပြသင့်ပါတယ်။ စာစစ်တဲ့အခါမှာလဲ သီအိုရီကို အတုံးလိုက် အတစ်လိုက် မေးတာထက် သီအိုအပေါ်မှာ လက်တွေ့နဲ့ ပေါင်းစပ်နားလည်နိုင်စွမ်း အပေါ်မှာ စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် သင်သမျှ စာအုပ်တွေ အကုန်လုံးကလဲ​ အရမ်းကောင်းကြတာ တွေ့ရပါတယ်။ အဲဒီတော့ နောက်ပိုင်း လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါ ဒါကတော့ ငါကြားဖူးတယ် သီအိုရီမှာ ဘယ်လိုရှိလဲ၊​ ငါဖတ်ကြည့်ဦးမှ ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပြီး စာအုပ်တွေကို ပြန်ကိုင်တတ်ပါတယ်။ အဲဒီအတွက်တော့ နည်းပညာ အကြောင်းသင်တဲ့ တက္ကသိုလ်တိုင်းက ပေးနိုင်စွမ်း ရှိတဲ့ အချက်ပါ။ အဲဒီနေရာမှာ ဝေဖန်စရာ ရှိတဲ့ အချက်တစ်ခုက တစ်ချို့ နည်းပညာများအတွက် ပြဌာန်းထားတဲ့ အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေပါတယ်။ သီအိုပိုင်းမှာတင် Advanced ဖြစ်သွားတဲ့ နည်းပညာအပိုင်းတွေ အတွက် လိုက်မှီအောင် ပြဌာန်းနိုင်စွမ်း မရှိသေးတာပါ။ အဲဒီအတွက် တစ်ခြားနိုင်ငံခြားက နည်းပညာ တက္ကသိုလ်တွေ လုပ်သလို ဆရာကိုယ်တိုင် ရွေးချယ် ပြဌာန်းပိုင်ခွင့်နဲ့ သွားမယ်ဆိုရင် အဆင်ပြေမလား။ အဲဒီအပိုင်းတွေတော့ ကျွန်တော် အသေးစိတ် မပြောတတ်ပါဘူး။ သေချာတာ တစ်ခုကတော့ Advanced နည်းပညာတွေအတွက် ပြဌာန်းချက်တွေမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။ နောက်တစ်ပိုင်း ကျွန်တော် သတိထားမိတဲ့ အချက်ပါ။ ကွန်ပျူတာ တက္ကသိုလ်ခြင်း တူရင် နယ်ကလူတွေက ပိုပြီး အားနည်းကြပါတယ်။ ဒါကလဲ နည်းပညာ နယ်ပယ်မှာ ကျင်လည်နိုင်စွမ်း အနေနဲ့ အပြင်မှာ သင်ခွင့် ရှိမှု အနေအထားတွေမှာ ကွာခြားသွားတာကြောင့်လဲ ဖြစ်မယ် ထင်ပါတယ်။ အဲဒီအပြင် တစ်ခြားကွာခြားချက်တွေလဲ အများကြီး ရှိနိုင်ပါတယ်။ တကယ်တန်း ပြောရရင်တော့ ရန်ကုန်က နည်းပညာ တက္ကသိုလ်တွေ၊​ ကွန်ပျူတာ တက္ကသိုလ်တွေမှာ တက္ကသိုလ်ဖက်က ဖြည့်စည်းပေးရမယ့် အပိုင်း အတန်ငယ် ဝန်ပေါ့ပေမယ့် နယ်ဖက်မှာတော့ တက္ကသိုလ်က ဖြည့်စည်းပေးရမယ့် အပိုင်း အရမ်းကို များနိုင်ပါတယ်။ အဲဒီအပြင် အင်တာနက်ကို Wifi Area လိုမျိုးလွင့်ပြီး တက္ကသိုလ်တွင်းမှာ သုံးနိင်တဲ့ Network မျိုး တည်ဆောက်ပြီး ကျောင်းသားတိုင်း အင်တာနက် သုံးနိုင်အောင် ဖန်တီးဖြည့်စည်းပေးသင့်ပါတယ်။ အင်တာနက်မှ မသုံးတတ်ရင် တိုးတက်မှု အပိုင်းမှာလဲ အင်မတန်ကို နှေးကွေးသွားနိုင်တဲ့အတွက် မဖြစ်မနေ တည်ဆောက်ပေးသင့်တဲ့ အခြေအနေမှာ ရှိပါတယ်။ နောက်ဆုံး ကျောင်းသားတွေကတော့ အပြင်က လေ့လာနေတဲ့သူတွေပါ။ သူတို့ကတော့ နည်းပညာပိုင်းမှာ တစ်ခုခုကို ရေးနေရတာ အွန်လိုင်းမှာ တစ်ခုခုကို ရှာဖွေနေရတာ ပိုပြီး အားသန်ကြပါတယ်။ သူတို့ကတော့ ကျားကုတ်ကျားခဲ လုပ်နေပြီ ဆိုကတည်းက အောက်သက် ကျေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေမှာ အဓိက အားနည်းချက်ရှိတာက သီအိုရီပိုင်း ချဉ်းကပ်မှု မဲ့နေတတ်တာပါ။ ကျွန်တော် စာသင်တိုင်း ဥပမာပေးပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ နည်းပညာနယ်ပယ်ကို ဝင်လာစမှာ မြင်ရတဲ့ ဆိုင်းဘုတ်မှာ အိုင်တီလို့ ရေးထားပါတယ်။ တစ်ခုက Information နောက်တစ်ခုက Technology ပါ။ တက္ကသိုလ်တွေဖက်က Information လို့ခေါ်တဲ့ သီအိုရီပိုင်းကို သင်ပေးတယ်။ အပြင်က သင်တန်းတွေက Technology ပိုင်းကို သင်ပေးတယ်။ ဘာနဲ့တူလဲဆိုတော့ ဆရာအော်ပီကျယ် ကာတွန်းထဲကလို အိုင်တီဆိုတဲ့ အလုံးကြီးကို တစ်ခြမ်းစီခြမ်းပြီး ရပ်နေကြသလိုပဲ။ ဒီတော့ အပြင်က ကွန်ပျူတာသမားက တက္ကသိုလ်က ကွန်ပျူတာ သမားကို ရှာယူ ဒါဆို အလုံးတစ်လုံး ဖြစ်ပြီလို့ ရယ်စရာ ပြောဖြစ်ပါတယ်။ တကယ်တန်းတော့ နည်းပညာ နယ်ပယ်မှာ ကျင်လည်သူတိုင်း၊ ကွန်ပျူတာနဲ့ အသက်မွေး ဝမ်းကျောင်းပြုသူတိုင်း အိုင်တီဆိုတဲ့ အလုံးအပေါ်မှာ တစ်ယောက်ခြင်းစီ ရပ်မိဖို့လိုပါတယ်။ နောက်ထပ် သတိထားမိတဲ့ အချက်က Slow Walker နဲ့ Fast Walker တွေအပေါ်မှာ သင်ကြားတဲ့ အပိုင်း ကွာခြားမှုပါ။ အဲဒီနှစ်ခု အတွဲအစပ်ပါနေတဲ့ အတန်းမှာ ဘယ်လို သင်ရမလဲဆိုတဲ့ နည်းလမ်းကို ရွေးချယ်ရင် အင်မတန်း ခေါင်းစားရပါတယ်။ Slow Walker က သေသေချာချာ တစ်ဆင်ခြင်း ရှင်းပြဖို့ လိုပေမယ့် Fast Walker က အဲဒါမျိုးဆိုရင် ပျင်းသွားပါတယ်။ မြန်တဲ့သူဖက် ဦးစားပေးပြီး သင်မယ်ဆိုပြန်တော့လဲ နှေးတဲ့သူတွေက လိုက်မမှီတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးတွေအတွက် ကျွန်တော်ကတော့ မြန်တဲ့သူက နှေးတဲ့သူကို ကူညီခိုင်းတဲ့ နည်းလမ်းကို သုံးပါတယ်။ Teaching is double learning. လို့ ယုံကြည်တဲ့အတိုင်း ပြန်ကူခိုင်းတဲ့အခါမှာ ကူညီရသူ အနေနဲ့ ပိုပြီး တတ်သွားသလို Confidence အပိုင်း၊ Self-esteen ပိုင်းလဲ မြင့်တက်လာပါတယ်။ အဲဒီ နည်းစနစ်က လူအများကြီးကို သင်ရတဲ့အခါမှာလဲ အဆင်ပြေမယ် ထင်ပါတယ်။ အဲဒီအပြင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုလဲ​ မြှင့်တင်ပေးရာ ရောက်နိုင်ပါတယ်။ နယ်ပယ်စုံက တပည့်တွေကို စတွေ့တွေ့ခြင်း သတိထားမိတာ အားလုံး တူညီကြတာ တစ်ခုကတော့ ယုံကြည်ချက် မဲ့နေကြတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား တစ်ယောက်နဲ့ စကားပြောဖူးပါတယ်။ သူတို့ဆီက ကျောင်းသားတွေလဲ အဲဒီလို ယုံကြည်ချက်မဲ့တဲ့ အကြောင်း ပြောပါတယ်။ သေသေချာချာ ဆွေးနွေးကြည့်တော့ နည်းပညာနဲ့ ပတ်သက်ပြီး တစ်ခုခုကို တီထွင်ရေးဆွဲဖို့ ယုံကြည်ချက် မရှိတာလို့ သိရပါတယ်။ လုပ်ငန်းခွင် ဝင်ဖို့ရော ယုံကြည်ချက် ရှိလာဆိုတော့ ရှိပါတယ်တဲ့။ ကျွန်တော်တို့ဆီမှာက အဲဒီလို လုပ်ငန်းခွင် ဝင်ဖို့ ယုံကြည်ချက်၊​ အခြေခံအားဖြင့် လိုအပ်တဲ့ ယုံကြည်ချက်ကို မရှိတာလို့ ပြောဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ တက္ကသိုလ်များ အနေနဲ့ လုပ်ငန်းခွင် တန်းဝင်ရောက်နိုင်စွမ်း ယုံကြည်ချက်အပေါ် အခြေခံယုံကြည်ချက်တွေ အပေါ်မှာ သေသေချာချာ တည်ဆောက် ပေးသင့်ပါတယ်။ အဲဒီလို အခြေအနေ အဆင့်ကို တက်နိုင်မှသာ တစ်ခုခုကို တီထွင်ဖန်တီး နိုင်စွမ်းဆိုတဲ့ ယုံကြည်ချက် ဖြစ်လာမှာပါ။ ဒီအပိုင်းမှာတော့ တက္ကသိုလ်တွေဖက်ကိုပဲ တစ်ဖက်သတ် ပြောလို့မရပါဘူး။ Policy Maker များ Industry ထဲက လူများနဲ့လဲ သက်ဆိုင်ပါတယ်။ Policy Maker များဖက်က ပြဌာန်းသင့်တဲ့ ဥပဒေတွေကို ပြဌာန်း ကာကွယ်ပေးဖို့ လိုသလို နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်လာအောင်လဲ တည်ဆောက်ပေးမှ အဆင်ပြေပါလိမ့်မယ်။ အဲဒီအပြင် Industry ပိုင်းမှာ ကြီးတဲ့သူတွေက အပြင်ထွက် (အပြင်ထွက်ဆိုတာ နိုင်ငံခြားအဆင့်အထိ ချိတ်ဆက်)၊​ Middle Class Business တွေအတွက် နေရာပေးပြီး တွဲခေါ် Industry ကိုကြီးလာအောင် လုပ်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် ယုံကြည်ချက်တွေ မဲ့နေတာ တိုင်းပြည်အတွက်ပါ ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ကျွန်တော် မြင်ပါတယ်။ နောက်ထပ် အားလုံးတူညီတဲ့ အားနည်းချက်တစ်ခုကိုလဲ တွေ့ရပါတယ်။ အဲဒါကတော့ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းပါ။ အများအားဖြင့် တစ်ကိုယ်တည်း ကြိတ်သမားတွေ များနေတတ်ပါတယ်။ အဲဒီလို တစ်ကိုယ်တည်း ကြိတ်တတ်တဲ့သူတွေက အများစုအားဖြင့် အပြင်က လေ့လာနေသူတွေ ဖြစ်တတ်ပြီး သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာကိုလဲ မနှစ်သက်တတ်ကြပါဘူး။ တက္ကသိုလ်က ကျောင်းသား/သူတွေကတော့ ပူးပေါင်းဆောင်ရွက်မှုကို မနှစ်သက်တာထက် ဘယ်လိုလုပ်ရမှန်း မသိတာပါ။ နည်းပညာ နယ်ပယ်ဆိုတာ ပူးပေါင်းဆောင်ရွက်ပါမှ ပူးပေါင်း အကောင်အထည် ဖော်ပါမှ ရုပ်လုံးကြွ အဆင်ပြေနိုင်တာမျိုးဆိုတော့ အဲဒီလို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းဟာလဲ အကြီးမားဆုံးသော ထိခိုက်မှု ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ တက္ကသိုလ်တွေ ဝေးလွန်းနေတာပါ။ အဲဒီအတွက် သွားရလာရတာ အင်မတန် အချိန်ကုန်ပြီး လေ့လာချိန်တွေကို လျော့ပါးစေပါတယ်။ အဓိက ပြသနာက အဝေးရောက်နေတဲ့ ပြသနာထက် သွားရလာရတဲ့ အချိန်ကြာမြင့်မှုပါ။ အဲဒီလောက်အထိ အဝေးကြီးသွားရတဲ့ အတွက် သွားတဲ့အခါမှာလဲ အချိန်ကုန် လူပန်းဖြစ်ရသလို ပြန်တဲ့အခါမှာလဲ အချိန်ကုန် လူပန်းဖြစ်ရပါတယ်။ အဲဒီလို အခြေအနေတွေက တစ်ရက်နှစ်ရက်မှာ မသိသာပေမယ့် လစဉ်နဲ့အမျှ၊​ နှစ်စဉ်နဲ့အမျှ တက်ရတဲ့အခါမှာ သိသာလာပါတယ်။ ဆက်ပါဦးမယ် …